Saturday, 28 September 2013

ဒုတိယ မဲဇာ


တနေရာ
နေလာတာ တစ်နှစ်ကျော်
တစ်ဆစ်မပျော်။

လှမ်းသနော်
စည်တော်သံ မကြား။

မလွဲသာ
ခွဲခွါလာ ဤဌာနကို
စာကဗျာ သီကာပြရလျှင်
မဲဇာအလား။

Tuesday, 24 September 2013

အသွင်


ဆွေးအိုတဲ့ကျောင်း
ဆေးသစ်လောင်းတော့
အဟောင်းထင်ခက် သွင်တပ်မက်။

ဤခန္ဓာဟောင်း
ဆေးသစ်လောင်းလည်း
ရေး ကြောင်း မပျက်
နှိပ်စက်ဖိစီး
ဗျာဓိမီးလျှင်
ညီးညီးလျှံတက် သက်ဆုံးထက်။

Monday, 23 September 2013

ဆန္ဒ


အတိတ်ကံနဲ(နည်း)
ဘဝမွဲကို
ရန်လဲ(လည်း) မတွေ့လိုတော့ပါပြီ။

ကျောင်းနေအရွယ်
မျက်နှာငယ်နဲ့
ပန်းသည်ဗန်းရွက်
ဝမ်းရေးတွက်မို့
တုဖက်ပြန်ပြောင်း
နိုင်ငံကြောင်းလည်း
မကောင်း မပြောလိုတော့ပါပြီ။

ပန်းကိုဝယ်သူ
ပန်းလိုဖြူကာ
ကြူကြူသင်းပျံ့
ဆင်းရနံ့လှိုင်
ဝင်းပနိုင်ကြစေလိုသည်။ 

အတုန့်


အချစ်ဇာတ်နောက် အခစား မရောက်ချင်ပါဘူး
စစ်ဖိနပ်အောက်မှာလည်း  အလကားမကြောက်ချင်လို့
သစ်ရိပ်အောက် အမွန်း ပျောက်အောင်
ကွန်းထောက်လို့ ခို။

သမုဒယအနွယ် တကယ်မကင်းနိုင်သေးလို့
လူ့ဘဝနယ် ဘယ်ငြင်းနိုင်ပါ့
နှင်းသက်ဆွေ မင်္ဂလာဆွမ်းရယ်
ညွှန်းဖိတ်လို့ ဆို။

အမူပို မျက်ထားချိုပေမဲ့
မျက်ထားသို မောင် ရိပ်ကာ သိတယ်
ချောင်ပိတ်ကာ တကယ်ညှင်းရက်လေသလား
မျက်ဝန်းထဲမှာတော့ ရွှန်းလဲ့လို့ စို။

ဆွမ်းထည့်လို့  နှုတ်ခွန်းချို
ဘယ်ညွှန်းဆို မောင် သိသားဟာမို့
သတိပွားကာ သိက္ခာမစွန်းရအောင်လေ
တွန်းထည့်လို့ မြို။           

အန္ဓ


ညခင်းမှာ
လမင်းသာလျှက်။

ဘဝအတွင်း
ဓမ္မအလင်း ကင်းလျှင်
လမင်းကွယ်ပျက်။