Thursday, 28 February 2013

ကြိုး


ပေးဆပ်ဖို့ပြင်ဆင်
နှစ်ကိုယ်ယှဉ်အရေးဟာမို့
အပြေးရယ်နှင်
ဘဝင်မှာအေးပေမဲ့
ချစ်သူ့ရင်ခွင်
အရင်လိုမနွေးလေတော့
ဝေးစေတဲ့ အဖြစ်။

ဝေးရမှ သိ
မချိအောင်နွမ်း
ဘယ်ထိပင်ကျွမ်းပေမဲ့
အလွမ်းကအဖော်
မျှော်မိတဲ့အဖြစ်
ချစ်မိတာ အပြစ်ရှိရင်တောင်မှ
ရစ်ပတ်နှောင် ချစ်နောင်တရယ်
စေးဖွဲ့နှောင် ရစ်။


ဆရာ


ကိုးလမလွယ်
ဆယ်လမမွေး
ရင်နဲ့မထွေးခဲ့ပေမဲ့
နှလုံးသွေးပွက်
တစက်ချင်း စီးဆင်း
တဝက်နှီးရင်းပေးခဲ့သူ။

သမုဒ္ဒရာ
ဝမ်းတစ်ထွာတွက်
လမ်းတကာထွက်
ဝမ်းစာမဆက်ခဲ့ပေမဲ့
တတ်ကျွမ်းဘာသာဓလေ့မှာတော့
တတ်စွမ်းစေတနာ အာငွေ့နဲ့
ပညာဖြည့်ခဲ့သူ။

လှောင်မထားဘူး
အမှောင်မသွားစေချင်လို့
နှောင်မထားဘူး
ခေါင်ဖျားမှာ ဝံ့စေချင်လို့
ရှောင်ရှားကာ စွန့်နေရက်လား
ခွင့်မချွေ ဖွင့်ဖြေ ဖျက်စေလားရယ်လို့
နင့်ကြေအက် နှလုံးသားထက်မှာ
အမုန်းတရားမဖက်
အပြုံးများ မပျက်ခဲ့ သူ။

အဖြည့်ခံ
မေ့ကျန်ခဲ့ပေမဲ့
မေ့ရန်ကောလို့ မတွေးရက်၊
ဈေးကွက်မှာ
ဈေးတွက်နဲ့မဆုံးဖြတ်
ရှုံးမြတ်မထွက်တဲ့အမြင်
ဒီရင်ခွင် မချစ်ခင်ပေမဲ့
အပြစ်မတင်
အပြစ်ပြင် ထိန်းကျောင်းရင်းက
မိုးကောင်းကင် တိမ်အတွင်း
စွန်တစ်စင်း လွှင့်အတက်
ပင့်သက်ကာ ရှိုက်အငင်မှာ
လှိုက်ဘဝင်လှုပ်ရှား
နှုတ်ဖျားမှာ
နှုတ်စကားတွေ ပျက်ယွန်းပြိုဖျော့လို့လေလား
မျက်ဝန်းတခိုမှာတော့ သက်သေညွှန်းဆိုလေရော့သလားထင့်
မျက်ရည်စွန်းရယ်က ရွှန်းလဲ့လို့ စို။ ။

(မိုးကိုပျံ လေကိုဆန်စေတဲ့ ဘီးရစ်တံဆရာများတွက် စွန်တစ်စင်း၏ တမ်းချင်းတစ်ပုဒ်ပါ ဆရာ)

Tuesday, 26 February 2013

မြို့ဝေးသူ


မြင်ကွင်းဟာ လှသလို
ရင်တွင်းမှာလဲ အလွမ်းဆူ။

တစ်ခါတလေ
ဌာနေကို ပြန်ချင်လဲ
အပျံသင်စ လူ။

ဟုမ္မလင်း


ဗင်းနစ်ရဲ့ဆိပ်ကမ်းအလှနဲ့
စိတ်မှန်းပင် နှိုင်းမရပေမဲ့
တိုင်းရင်းမိတ်ဆွေအချင်းချင်း
ရှိုင်းပင်းစိတ်အစဉ် မချို့ယွင်းတဲ့
မြို့ဟုမ္မလင်းရဲ့ အသွင်ဆိုတာ
အမြင်မှာ ဘယ်မဆန်းပေမဲ့
ရင်မှာလေ တကယ် လွမ်း။

တပြေ(ပြည်)အဝေးမှာ
ဖြေတွေးစရာ ပညာရေးလို့
ညှာတွေးကာ ချွေးသိပ်ပေမဲ့
အတွေးစိတ် ဘယ်မခန်းတယ်
ဆွေးရိပ်ကယ် လွှမ်း။

(ရပ်ဝေးသူများ သို့)

စင်မတင်လိုက်ရသော တေးတစ်ပုဒ်


အနိုင်နွှဲဖို့
ပြိုင်ပွဲမှာမှ
ယိုင်လဲခဲ့ သူပါလေ။

လက္ခဏအဖြစ်လို
အသက်တမျှ အချစ်ပိုခဲ့ပေမဲ့
ပြစ်ဆိုဟန် မျက်ထားအဖျော့မှာမှ
လက်အားလျှော့ခဲ့ရသူပါ မေ။

နိုင်သူပြုံးပေမဲ့
ရှုံးသူမမှိုင်
ရှုံးနိုင်ရလာဒ်
အဆုံးမသတ်ခင်ကပဲ
သုံးသပ်ခဲ့သူရဲ့
ဆုံးဖြတ်တဲ့ အဖြေ။

ဖော်မရှာ
တော်ရာက လွမ်း
မမျှော်သာ
ဖော်ကွာသူ ကျွမ်းလဲ
အလွမ်းဆို သူ့ကိုယ်စားမို့
သိုထားကာ သိမ်းဝှက်ပါ့မယ်
စိမ်းရက်တဲ့ အချစ်...
တိမ်းခဲ့တဲ့... အဖြစ်။

မလွှဲသာ
မရဲတာမှမဟုတ်ပဲ
မခွဲခွါ အသဲနာလွန်းပေမဲ့
ချစ်သဲညှာ အမြဲသာတင့်စေဖို့
လွှင့်ကြွေခဲ့တဲ့ အချစ်...
လွှင့်ချွေပစ်တဲ့ အချစ်။  ။

စံ


အသုံးမကျဘူး
အသုံးမချဘူး
နှလုံးသားရဲ့ အလှ

ဈေးမရှိဘူး

ဈေးမညှိဘူး
နှလုံးသွေး အသိ

နှလုံသားကာရံ
တခါတခါ မှန်တယ်
တခါတခါ ကဗျာဆန်တယ်
တခါတခါ ဆူညံလွန်းတယ်
အကြမ်း အရမ်း အလွမ်းတွေပြွမ်းတဲ့
ဒရမ်မာ (drama) ဇာတ်လမ်းတစ်ပုဒ်လား။

ဒီမြေမှာနေ
ဒီရေကိုသောက်
ဒီမိုးအောက်မှာမွေး
ဒီယဉ်ကျေးမှုးနဲ့ ထွေးဖက်
နှလုံးသားသွေးပွက်
တစ်စက်ချင်း စီးဆင်း
ဟုမ္မလင်း... ဟုမ္မလင်း
ဟုမ္မလင်း...။

Saturday, 16 February 2013

သက်သေ


သမိုင်းမဝင်လို့၊

သမိုင်းမတင်ခဲ့ရတာပါ အမေ.

သမိုင်းကကြဉ်ခဲ့တာမဟုတ်ပါဘူး၊.

သမိုင်းစဉ်တစ်ကွေ့မှာ၊
 
အဖြည့်ခံဘဝပေမို့လား၊

မေ့ကျန်ခံခဲ့ရပေမဲ့...

လောကဓံဓလေ့ မုန်တိုင်းနဲ့တွေ့တိုင်း

အမေ့ခြေရာ အမေ့ခြေလှမ်းအတိုင်း.

မတုန့်မဆိုင်းခဲ့တာကိုက... (အဲဒါလေ)...သားရဲ့သမိုင်း။

Full stop


အမည်းတစက်
အကြည့်ခက်ပေမဲ့
သူဖြည့်စွက်ပါမှ ပြီးရတဲ့ဝါကျ။

ကြည့်တတ်ဖို့သာ


အကောင်းမမြင်လို့
အမြင်မကောင်းတာလား ...

အမြင်မကောင်းလို့
အကောင်းမမြင်တာလား ...
 

အကောင်းမြင်ရင်
အမြင်ကောင်းမှာပါ ...

အနှုတ်နဲ့ အပေါင်း
အကောင်းနဲ့ အဆိုး
အကျိုးနဲ့ အပြစ်
စစ်နဲ့ ငြိမ်းချမ်းရေး
လိုရင်းကိုရွေးတတ်ဖို့ပဲလိုပါတယ် ... ။

ကိုယ်ချင်းစာစိတ်

သူလျှင်ပြုံးခိုက်
ကိုယ်နှစ်ခြိုက်သည်။

သူလျှင်မုန်းခိုက်
ကိုယ်မကြိုက်ပြီ။

ကိုယ်ကကြိုက်မူ
သူလည်းကြိုက်သည်။

ကိုယ်မကြိုက်မူ
သူမကြိုက်ပြီ

လူသည်ကိုယ်ချင်းစာစိတ်ရှိရမည်။

Friday, 15 February 2013

လူ့တိရ စ္ဆာန်


အတိတ်ကံညစ်ခဲ့လို့
တိရ စ္ဆာန်ဖြစ်ပေမဲ့လည်း
စိတ်မမှန်တဲ့ လူသားတွေနဲ့
အတူထား မနှိုင်းပစ်ခဲ့ပါနှင့်။

အများဆိုင်
ကိုယ်ပိုင်ဟန်နဲ့
နိုင်ငံပိုင် စီးပွား
ဇနီးမယား
သမီးသား အချစ်တိုးဖို့
အလစ်ခိုး မတရားယူ
ပြည်သူကိုတော့ လျှော့စား
ဒီလိုလူစားတွေဖြင့်
လူသားနဲ့မတန်
သံသရာတစ်လျှောက်မှာ
အဖန်ဖန်ရောက်ရမယ်
တိရ စ္ဆာန်အောက်အဆင့်။

Wednesday, 13 February 2013

သားမွေးနေ့


သေမင်းနဲ့ပြိုင်
ရင်ဆိုင်ကာအတွေ့
ဓလေ့ကိုဖောက်
မကြောက်သည့်ဆေး
သားပေးခဲ့တဲ့နေ့...
အစားမဖြည့်ဘဲ
အားပြည့်ခဲ့တာ
သားမွေးနေ့။


( ဗိုလ်ချုပ်မွေးနေ့မှာ ဘာမှပေးစရာမရှိလို့ "သားမွေးနေ့"ဆိုတဲ့ ကဗျာလေးပို့လိုက်တယ်။ )

Sunday, 10 February 2013

ကမ္ဗည်း



နံရံပေါ်က ကမ္ဗည်း
တချို့လဲ အပြီးသတ်
တချို့လဲမပြီးပြတ်နဲ့၊
နီးကပ်ရထား
ပြေးအလွှားမှာ
ဘာများ ငါ့တွက်ရေးမိခဲ့။

ပီဘိလူသား


လက်အလှုပ်မှာ
က,ကွက်ထုတ်တတ်တဲ့
ရုပ်သေးရုပ်မဟုတ်။

သံပတ်ပေးထားမှ
ပြေးသွားတတ်တဲ့
စက်ရုပ်ကားမဟုတ်။

လိုရာဖန်ပြု
ဉာဏ်အတုနဲ့
ပရိုဂရမ်တစ်ခုမဟုတ်။

နှလုံးသားဖန်ပြင်
သံစဉ်မတိမ်းရအောင်
ဉာဏ်ယှဉ်ကာထိမ်းလို့ရယ်
(ကွယ်)...ယိမ်းနွဲ့လှုပ်ရှား။

ခြေလှမ်းလွန်အမှား


သူပစ်တဲ့မြှား
သူ့အရှိုက်ကိုပြန်စိုက်
သူ့ရဲ့မိုက်ပြစ်က
သူ့ကိုအမှိုက်ဖြစ်စေခဲ့တယ် ...

အမှားမြင်လို့
ဘုရားရှင်ကိုသတိရချိန်မှာ
အမှားပြင်ဖို့သူ့အတွက်
မနက်ဖန်ဆိုတာမရှိတော့ဘူးလေ ...

ကိုယ့်သမိုင်းကိုယ်ရေးတဲ့
ရေးပြီးရင်ဖျက်မရလို့
တွက်ချက်မှားတဲ့ဗေဒင်ဆရာတစ်ယောက
ရက်ရာဇာတွေပျောက်ခဲ့တယ် ... ။

လောကသား


လက်ခံသည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ
လက်တံတွေနောက်ကို
ယက်ကန် ယက်ကန် လိုက်ခဲ့ရတယ်။

ခက်ထန်သည်ဖြစ်စေ
မခက်ထန်သည်ဖြစ်စေ
လက်ကျန်ရှင်သက်အတွက်
ဆက်ရန်ရှိသေးရင်
မနက်ဖန်တွေကို လက်ခံရဦးမယ်။

သဘောကျသည်ဖြစ်စေ
သဘောမကျသည်ဖြစ်စေ
လောကထဲနေသရွေ့ 
လောကဓလေ့ကို တွေ့ရဦးမှာပေါ့။

မကြွေကျခင် နေရစဉ်ခဏ၀ယ်


ပန်းဆိုတာ အကြွေမျိုး
ညိုးပြီးရင်ခြောက် ... ။

ပန်းကောက်သူ ဘယ်မှာလဲဆို
ဟို ... အဝေးကိုရောက် ... ။

အပင်ရောက်မကြွေခင်
ဝေဟင်မှာ ရနံ့ထုံ ... ။

လေပြည်ဟုန် မယုံသင့်
ပင်မြင့်မှာလှုံ ... ။

ရွက်သစ်များသို့


ရွက်ဟောင်းတွေ ကြွေတာ
ရွက်သစ်တွေ ဝေဖို့ပဲ။

အရိပ်လိုလို့
အရိပ်ခိုမယ့် သူတွေအတွက်
ပေးတဲ့ အရိပ်ဟာ
အဆိပ်မဖြစ်ဖို့ အရေးကြီးတယ်။

အတိတ်အဖြစ်ကို မေ့ထား
အရိပ်စစ်ကို ပေးနိုင်အောင်ကြိုးစား
ရိုးသားစွာနဲ့ပေါ့။

အုတ်ကြားမြက်


အခါခါနှုတ်လဲ ၊ အုတ်ကြားအက်မှာ
အခက်အရွက် ၊ ဆက်လက်ရှင်သန်
လောကဓံကြား လှဲမသွား ...

လောကရဲ့ ဒဏ် ၊ မြှားချက်မှန်လဲ
ရှင်သန်ထမြောက် ၊ ရှေ့ ဆက်လျှောက်မည်
မြက်ပေါက်အုတ်ကြား စွမ်းပကား .... ။

စွန်


ဘဝရဲ့အားမာန်
လေဆန်ကို သူ မငြင်း
နေမင်းကိုမျက်နှာမူ
ပူမှာကိုမကြောက်
တိမ်းမှောက်ချင် မှောက်
ဒူးမထောက် လက်မမြှောက်
ရန်မူဖို့ မခြောက်
အလံဖြူမပျောက်ဖို့
မာန်ကူလို့ လျှောက်ခါရုန်းခဲ့တဲ့
အဆုံးမဲ့ ဝေဟင်မှာလေ
လေနှင်ရာ လွှင့် စေ ထား တယ်
စွန့် ဝံ့ စေ သား ။ ။

တို့မဝေးဘူး


အမေ့စကား
နှစ်ဖက်နားဖြင့် မကြားရလည်း
နှလုံးသားဖြင့် ကြားပါစေ။

အမေ့အပြုံး
မျက်လုံးများတွင် မမြင်ရလည်း
နှလုံးသားတွင် မြင်ပါစေ။

အမေ့စကား -
နှလုံးသားဖြင့် ကြားနေလျှင်
အမေ့အပြုံး -
နှလုံးသားတွင် မြင်နေလျှင်
မြေကမ္ဘာခြား
ရေဇလာတားလည်း
အမေဟာ သားရဲ့အနား ရှိနေမည်။ ။

(အဝေးရောက် ဘ၀တူ သားများသို့)

သမိုင်း


အားမတန်
မာန်မလျော့ပါဘု
ကျန်တော့တဲ့ ထွက်သက် ။

ဟန်ဖော့ကာ ခွင့်လမ်းတွက်လေ
ဆင့်ကမ်းလက် မကိုင်းခင်မှာ
သမိုင်းစဉ်မပျက်ရအောင်ပ
အသင့်လှမ်းကာလေ ရှေ့ ဆက် ။

ဘ၀သံစဉ်


သမုဒယနဲ့စ
လူ့ ဘ၀အမျိုး ...

မြေမကောင်းပေမယ့်
ရေလောင်းလို့ပျိုး ...

နွေခါမှာ နေဒဏ်သင့်
ဝဿန်မှာ မိုးရေစို
ဆောင်းခါဆို နှင်းတွေကျ
ဘ၀ရဲ့ 
အခက်အရွက်တွေက ဝေလိုက်ကြွေလိုက် ...

ကြွေရွက်တွေက လေလွင့်ပျောက်
ဝေရွက်တွေက နေသင့်ချောက်
နေခွင့်ရှိသလောက် အပင်အောက်ခို
ဘ၀ရဲ့ 
သံစဉ်အိုက ငိုလိုက်ရယ်လိုက် ..

စစ်


အိပ်လို့မပျော်
မပျော်လဲ အိပ်
ထိတ်ရတယ် စစ်။

ဖိတ်လို့မခေါ်
မခေါ်လဲ ရောက်
ကြောက်ရတယ် စစ်။

နှစ်ဖက်ပစ်ကွင်း
စစ်သလင်း အလယ်
မရွယ်ဘဲ ထိ
မချိလဲ ခံ
ဘယ်ကျည်ဆံ
ဘယ်ချိန်မှန်ပါ့မလဲလို့
ငြိမ်ရန်ကလွဲ
ဘာပြောနိုင်ပါ့မလဲ စစ်။

ဆာ မော တော့ ငို
ငိုလွန်းတော့ တက်
(တစ်ချက်တစ်ချက်)
သက်မဲ့တဲ့ ရှိုက်သံ
ရင်သွေးမှန်ပေမဲ့
တုန့်ပြန်မှုမရှိ
ပီဘိ နိယာမတရား
မှားလားပင် ထင်ရ
ကောင်းကင်က မပြာ
ရေဇလာထွေနောက်
နေရာပါ ပျောက်ရပြီ စစ်။

ပြေးစရာမြေ ရှိပေမဲ့
ပေးစရာငွေမရှိ...
အဖြေသိပေသည့်
ပြေညှိဖို့ခက်သား
ပဟေဠိစကားလို
မှားတော့လဲ ဒဏ်
မမှန်လဲ ခံစား
ကံတရားပဲဆိုတော့
(ဒါ)...မတရားတဲ့ စစ်...
အဲဒီ စစ်...
အဲဒီ စစ်ဆိုတာ
အချစ်ကြောင့်လား...
စနစ်ကြောင့်လား...
ခေတ်ကြောင့်ပဲလား...
ဘာကြောင့်ပဲ မှားမှား
အနှောင့်အသွားကြားမှာ
စောင့်စားကာ ရည်မျှော်မှန်းတယ်
ပြည်တော်လွမ်း အဖြစ် ။ ။

(ကချင်ဒေသတွင်းက မွေးချင်းများအတွက်)