Sunday, 31 March 2013

သစ္စာ


အကြမ်းဖက် ခေတ်စရိုက်ကို
အခန်းဆက် စနစ်အလိုက်နဲ့
အကြမ်းမဖက် စစ်တိုက်ခဲ့လို့
အလွမ်းဆက် ချစ်သိုက်အနှောင်မှာ
ကျွမ်းမြိုက်လောင်ခဲ့သူပါ မြတ်စွာဘုရား။

စနစ်ဟောင်း
အသစ်ပြောင်းသူကိုမှ
အဆစ်တောင်းသူတွေရယ်က
အပြစ်ချောင်းကြံ ရန်ငြိုးဖွဲ့လို့
ရန်ဆိုးဖက် အယိုင်ထိုးနှက်ပေမဲ့
နိုင်ငံကျိုးသက်သက်သာမို့
လက်ဆယ်ဖြာ ယှက်ကာရွက်လို့
မေတ္တာမပျက် သစ္စာဆက်ပါ့မယ်
သက်ထက်ပါ မြတ်စွာဘုရား။ ။

Monday, 25 March 2013

အသက်နဲ့ရေး သွေးနဲ့ချယ်တဲ့ပန်းချီကား


လက်နဲ့မရေး
အသက်နဲ့ရေးထားတယ်
ဆေးနဲ့မချယ်
သွေးနဲ့ချယ်ထားတယ်။

ဒီပန်းချီကားထဲက
မြစ်ချောင်းအင်းအိုင် တောမြိုင်မှန်သမျှ
ငါတို့ပိုင်တယ်
ငါတို့ဆိုင်တယ်
ငါတို့နေရာမှာ ငါတို့ခြေရာပဲထင်ရမယ်။

ခြေမွ ဆုတ်ဖြဲ
အပိုင်းပိုင်းပြဲလဲ
ပြဲတဲ့နေရာ ဆေးမကွက်အောင်
သွေးပွက်ရမယ်
အသက်နဲ့ရေး
သွေးနဲ့ချယ်တဲ့ ပန်းချီကား ....။

ဥရု


ဥရုမြစ်မင်း
မြစ်ချင်းတွင်းသို့
စီးဆင်းမပျက်
သွေးချင်းဆက်။

အသွင်မကွဲ
စဉ်မြဲချို ရသာစစ်နဲ့
အလှဖြာ ရစ် စီးဆင်းရင်းက
မြစ်ချင်းတွင်း အမည်သညာ
ဤကမ္ဘာ မဟီအထက်မှာ
ပြည်သာယာ အခြေတက်ဖို့
ပြည်မြန်မာ အမွေဆက်။

ခုတော့လဲ ယိုင်
မခိုင်ကျည် လောကသဘောလေလား
လောဘဇော ဂလိုင်မှာ
ဆိုင်သာဆိုင်
မပိုင်လေလားထင့်
နိုင်သူတွေ
အပြိုင်ယူ ရွှေအထုတ်မှာတော့
ရေသရုပ် အသရေပါ ဆုတ်ကာပြောင်း။

ရွှေရှာပြီးပြန်
မြေစာကျန် သွန်အချ
ရေဇလာနွံတမျှလိုမို့
မရွှင်ပျလေပေါ့ ရေအလျဉ်
ရေအသွင်
အဆင်ရယ် ခွဲလေတော့
ဌာနေရှင် မမြင်မကွဲဖို့ကွယ်
ရင်ထဲ မချင့်မရဲရယ်နဲ့
စဉ်မြဲတကယ် ဆုတောင်း။

Saturday, 16 March 2013

ဖြေဆည်ရာ


ဝိပဿနာ ဉာဏ်အမြင်ဆန်းနဲ့
သိမှတ်ကာ အမှန်မဆင်မြန်းနိုင်လို့
အနုသယအမျှင် အစဉ်အတန်းမှာတော့
သမုဒယအသွင် ဘဝင်မှာလွှမ်း။

တရားပကတိ
ထားမရှိနိုင်မှတော့
စကားအသိနဲ့
တရားရှိ လေသံမဖမ်း။

ငါစွဲမပြုတ်ပေမဲ့
ငါပဲလို့တော့ မလုပ်
ငါလဲဆိုတဲ့ သရုပ်မဏ္ဍိုင်
ဆုပ်ကိုင်နိုင်သမျှတော့
အဟုတ်မပိုင်တဲ့ဘဝမှာ
မချုပ်ကိုင် များဆိုင်ခွဲတမ်း။

မြင့်မြင့်ကြံ
မှန်မှန်တွေး
အတွေးမှန်မှတော့
ဆွေးမကျန်ပါဘု
အနှေးနဲ့အမြန် စိတ်ကြံမှန်းပါလို့
အဓိဋ္ဌာန်လမ်းနဲ့ နိဗ္ဗာန်နန်းခရီးစဉ် ...
အပြီးမနှင် ကျွတ်တမ်းဝင် မမြန်းရသေးပေမဲ့
လွတ်လမ်းထွင် ဘဝစခန်းတကွေ့မှာတော့
တတ်စွမ်းရာဝန် အတူထမ်းဖြည့်လို့
လူတန်းမစေ့တဲ့ အကူရိပ်မဲ့လမ်းမှာ
ဆူဖိတ်ကာကျွမ်း ...
အပူထိတ်လွှမ်း စိုးကြောက်နွမ်းပေမဲ့
လူစိတ်,မကန်း မျိုးမပျောက်စတမ်းပေမို့
တိုးလျှောက်ကာ လှမ်း။ ။

Thursday, 14 March 2013

ဒဏ်ရာ


အနာကျက်ရင်
ခံသာမခက်
အမာတက်တဲ့
ခန္ဓာထက်က ရုပ်ဒဏ်ရာ။

အတိတ်ခြေရာ အရာရာပြောင်းခဲ့ပေမဲ့
စိတ်ဝေဒနာ အနာဟောင်းကတော့
ခွင့်ခါကောင်းမှာ အရိပ်တစ္ဆေချောက်သလို
ထိတ်မပြေ လွှဲဖျောက်မရနဲ့
အမြဲကြောက်ရတဲ့ စွဲဒဏ်ရာ။

ရုပ်ဒဏ်ရာ
ခွင့်ခါကောင်းမှာ
သင့်ရာပြောင်းနိုင်ပေမဲ့
စိတ်ဒဏ်ရာ
ရင့်ကြာညောင်းမှာတော့
အသစ်ထပ်လောင်းတဲ့ အဟောင်းဒဏ်ရာ။

မထင်ဘူး
မမြင်ရဘူး
ရင်ထဲကဆူးတစ်ခက်
ဇာတ်လမ်းဖျက်လဲ
မှတ်တမ်းမပျက်တဲ့
ထပ်ကျွမ်းဦးမယ့် နွမ်းဒဏ်ရာ။ ။

Tuesday, 12 March 2013

သူငယ်ချင်းသို့


ငင့်ကြမ္မာ လေပွေသရမ်းရယ်ကြောင့်လား
ပွင့်ချိန်မှာ မြေမှာနွမ်းရတယ်
သေရွာနန်းဆီက အကြွေပန်း။

သင့်ချိန်ခါ ကြွေတတ်ပေမဲ့
မရင့်ချိန်မှာ မြေ,ခသူတွက်
ဖြေမရသူ လွမ်း။

ရွှေပါရမီ


မျက်စိအဆုံး
နားအတုံးလို့
ဆိုထုံးခေါ်ကြ
လူ့ဘဝမှာ...
အစ,က ပဲ ဆုံးလို့
အဆုံး,က ပဲ စ
ဗြုန်းဗြုန်းကျ ထက်ဘဝင်မှာ
ပျက်အစဉ် ပြင်ခဏဆိုပေမဲ့
မျက်မမြင်ဘဝနဲ့တော့
အသက်မရှင်ပါရစေနဲ့လား အရှင်ဘုရား။

သံသရာလမ်း စခန်းကွာငြားပေမဲ့
ကံကြမ္မာနွမ်း ထမ်းကာသွားသူတွက်
လမ်းမှားမှာ စမ်းတဝါးဝါးနဲ့တော့
မျက်ကန်းသွား မသွားပါရစေနဲ့လား အရှင်ဘုရား။

မရှိလို့ မလှူ
မလှူလို့ မရှိ
အနာသိ ဆေးရှိပေမဲ့
ဈေးပိလို့ မဝယ်ယူနိုင်ခဲ့
ကယ်ကူမဲ့သူတွေတွက်
ဆယ်ယူတဲ့သူ အဆက်မပြတ်စေဖို့
ကွက်လပ်ဖြည့် တစ်နေရာမှာ
စေတနာ အခြေတည်တဲ့
ရွှေပါရမီ ကုသိုလ်ပွဲ။ ။

(၈-၃-၂၀၁၃ မှ ၁၂-၃-၂၀၁၃) ထိ
ဟုမ္မလင်းမြို့ စက္ခုအလှူပွဲ အမှတ်တရ

ဧည့်သည်


မွေးချင်းမဟုတ်ဘူး
သွေးရင်းမဟုတ်ဘူး
သွေးချင်းနှီးတယ်။

မမြင်ဖူးဘူး
မခင်ဖူးဘူး။
ခင်ဖူးသူလို မှတ်ယူတယ်။

မရေရာသူ အပူခရီးတလျှောက်မှာ
ဝေဒနာဆူ အပူမီးတောက်နေသူတွက်
စေတနာကူ ထူကာထောက်လို့ရယ်
တူလျှောက်တဲ့ ခရီးခဲ ...
အပြီးမနွှဲ မလွတ်နိုင်သမျှတော့
ဝဋ်ခရိုင် ကရွတ်ကွင်းမှာ
ချွတ်မယွင်း ခက်အခဲကို
လက်တွဲကာ ဆက်မြဲပါ့မယ်
ဒို့လဲ ဧည့်သည်။ ။

Saturday, 2 March 2013

အမေ (သို့) လူ့နတ်သမီး


ကြယ်တွေက
ကြယ်ကြွေထင်။

ပန်းတွေက
ပန်းကြွေထင်။

အို ... ကြယ်စင်
သင်တို့အဖော်
မိုးပေါ်ကကျသည်မဟုတ်။

အို ... အဆွေပန်း
ပန်းတို့အဖော်
ပင်ပေါ်ကကြွေသည်မဟုတ်။

ကြယ်ထက်လဲလင်း
ပန်းထက်သင်းတဲ့
လူ့အနွယ် လူ့နယ်တွင်းက
လူ့နတ်သမီးဖြစ်သတည်း။

Friday, 1 March 2013

အလှည့်


ရထားဥသြ
သံရှည်နှောသည်
ဥသြငှက်သွင် ထင်ရသည်။

ရှူးရှဲမြည်သံ
ရှိုက်ဖိုဟန်လား
သံစဉ်နရီများ မှားခဲ့ပြီ။

သိမ့်ခနဲ လှုပ်
ငြိမ့်ခနဲ သွား
ရထားစေရာ သွားခဲ့ပြီ။

ခရီးကြိုထွက်
သွားသူတွက်လေ
နှုတ်ဆက်လက်မြှောက်
ကိုယ့်လှည့်ရောက်ဖို့
နောက်ရထားလဲ လာနေပြီ။

ကူရာမဲ့


လေပူနေပူ
ဘယ်အပူတွေးမထိတ်
အေးရိပ်မှာ ချွေးသိပ်မယ်။

ခရီးကြမ်း
မငြီးတမ်းလေ
နွမ်းကြေခဲ့သမျှ
စမ်းရေနဲ့မှ အပန်းဖြေမယ်။

နွမ်းပေမဲ့
ခမ်းလေခဲ့ စမ်းရေ
တမ်းမပြေ
မှန်းခြေနဲ့ အပူသိပ်ဖို့ရယ်
ကူရာမဲ့ အရိပ်။

အဖော်နဲ့ လျှောက်ရဲခဲ့တဲ့လမ်း
အဖော်မဲ့ တစ်ယောက်ထဲလှမ်းတော့
ကျွမ်းထိတ်ဆူ ကြိတ်ကာထူလို့
လွမ်းရိပ်ပူ လူခြေတိတ်မှာ
ကူရာမဲ့ စိတ်။

( ကြာလည်းမမေ့ရက်၊ ရှာလည်းအတွေ့ခက်တော့တဲ့ ကျေးဇူးရှင် ဆရာအတွက်ပါ )