Tuesday, 30 April 2013

လူကြမ်း


ပန်းမကြိုက်ပေမဲ့
ပန်းကြိုက်သူ နန်းထိုက်စေဖို့
ပန်းစိုက်သူ ကျွန်တော်။

တခြားအပင်ထက်
အားအင်တက်မလားလို့
အမှားအမြင်နဲ့
အခြားအပင်တွေ
ဖျက်သူလဲ ကျွန်တော်။

တစ်တောမှာ တစ်ပင်
တစ်ပင်မှာတစ်ပွင့်
အစဉ်ဝံ့မလားလို့
ယှဉ်ပွင့်တဲ့အပွင့်
ပင်မြင့်ထက်မဝေ
လွှင့်ချွေခဲ့တာလဲ ကျွန်တော်။

စရိုက်ဆန်းဆန်း
မိုက်ကန်းကန်း သရုပ်စုံနဲ့
က,ကွက်ပုံ ရက်စက်ကြမ်းပေမဲ့
ဇာတ်ခုံအပြင်ဖက်ခြမ်းမှာလေ
ရှိုက်လွမ်းခဲ့ရတာလဲ ကျွန်တော်။

(အတွေးစ တစ်ခုလောက်တော့ ကျန်နိုင်ကောင်းပါရဲ့လေ)

Monday, 29 April 2013

ခဏတာ နားခိုရာ


ခရီးရှည်ဆက်
ကြိုးကြာငှက် 
လှုပ်ရှားပျံတက် အုပ်စုဖွဲ့။


ဆော်လမွန်ငါး
မျိုးဆက်ပွားဖို့ 
လှုပ်ရှားဆန်တက် အားမာန်နဲ့။


ခရီးမဆက်
ဆန်မတက်လဲ
ပျံ ငှက် ဆန် ငါး
ခေတ္တနားဖို့
ခွန်အားရေအိုင်ဖြစ်ချင်တယ်။

Monday, 22 April 2013

မနက်ဖြန်




ဆန္ဒနဲ့ ဘဝ
ထပ်တူမကျ
စပ်ယူမရတာ လက်ခံသလို
ဆက်ရန်ဆို ပျော်ခွင့်ရမဲ့
မျှော်လင့်ချက် မနက်ဖြန်။


အတိတ်နဲ့ ပစ္စုပ္ပန်
ဖြစ်ချုပ်တာမှန်မယ်
နက်ဖြန်ဆို ဒီအတွေး
မှေးမှိန်မခံ
သေးသိမ်တာ မကြံဘူး
ဘေးနှိမ်တာတွေ တော်လှန်ဖျက်ပစ်မဲ့
မျှော်လင့်ချက် မနက်ဖြန်။


ရာသီတွေပြောင်း
ဇရာရယ်နှောင်းလို့
ဗျာဓိပါထောင်း
ဟောင်းခဲ့တဲ့ ခန္ဓာ 
မကောင်းတော့တဲ့ ခန္ဓာ...
သံသရာ ဖြစ်ပျက်ခရီးမှာ 
ဆက်ဆက်ပြီး အနေကြာ 
ဖြေမရှာခဲ့လို့လေထင့်
ပြေရွာမှာ တစ်ရက်ကြီးရင်
သေရွာဟာ တစ်ရက်နီးပေမဲ့
ရမ္မက်မီး ဆက်ရှင်သန်ခဲ့
မျှော်လင့်ချက် မနက်ဖြန်။


အနုသယ နှစ်ရှည်လမ်းက
သမုဒယ ဝတ်ရည်ပြွန်းတဲ့
ဘဝအချစ်ရည်ပန်းကိုမှ
အာသာငမ်း စုပ်မြို
ချိုမလို တရိပ်ရိပ်နဲ့
ချစ်ဆိပ်တက် သေအံ့မူးမှာ 
ညံကျူးကာ သံစဉ်တဝက်နဲ့
ကာရံမဲ့ မနက်ဖြန်။ ။